Friday, September 25, 2015
မလေးရှားနိုင်ငံတွင် မြန်မာလူမျိုးများ ဘာကြောင့်ဒုက္ခရောက်ကြသလဲ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ "SM" ကုန်တိုက်တွင် "No. 1" စိတ်ဓါတ်မြှင့်တင်ရေး သင်တန်း ၁၅.၅.၂၀၁၁ ရက်နေ့တွင် ကျင်းပမည့် အစီအစဉ်ကို မလေးရှားနိုင်ငံ၏ သတင်းစာနှင့် ဂျာနယ်ပေါင်းစုံတွင် ဖတ်ရှုရပါသည်။ No.1 စိတ်စာတ်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်မည့်အစီအစဉ်ကို နိုင်ငံရေးလှုပ်ရှားသူများက သိရှိသည့် အခါတွင် အစိုးရအား မကျေနပ်သူအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပါသည်။ ဘာ့ကြောင့်လဲဆိုတော့ သင်တန်းပို့ချသည့် ဆရာတော်ကို လူအများစုက စစ်တပ်ဘုန်းကြီး၊ အစိုးရဘုန်းကြီးဆိုပြီး စွပ်စွဲပြောဆိုနေကြပါတယ်။ တကယ်တော့ဘုန်းကြီးဟာ အစိုးရဘုန်းကြီးလည်း မဟုတ်၊ စစ်တပ်ဘုန်ကြီးလည်းမဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်းနိမ့်ကျမှုတွေကို မြင့်မားအောင်၊ အနေအထိုင်၊ အသွားအလာ၊ အစားအသောက်၊ ၀တ်စား ဆင်ယင်ပုံမှအစ ပြုပြင်လမ်းညွန်ပေးသည့် ဆရာတော်ဘဲဖြစ်ပါတယ်။
      ဆရာတော်ရဲ့ ရည်ရွယ်ချက်ဟာ အလွန်ပဲကောင်းပါတယ်။ နိုင်ငံခြားတိုင်းပြည်မှာရောက်နေ ကြတဲ့ ကျွန်တော်တို့ မြန်မာလူငယ်လူရွယ်တွေဟာ မိဘရဲ့အုပ်ထိန်းမှု အောက်မှထွက်လာကြပြီး မလေးရှားနိုင်ငံမှာ ကြုံရာအလုပ်တွေကိုလုပ်ကြရတယ်။ မြန်မာလူမျိုးအများစုဟာ စားသောက်ဆိုင် တွေရဲ့ ပုဂံဆေး၊ ကျွန်သဖွယ်ဖြစ်နေကြပါတယ်။ ရရှိတဲ့လစာငွေကို မိဘညီကိုမောင်နှမတွေထံ ပြန်ပို့ပေးကြတယ်။ လူငယ်လူရွယ်တွေဟာ မလေးရှားနိုင်ငံသို့ ထွက်လာခဲ့စဉ်အချိန်က စိတ်ကူးယဉ် အိပ်မက်တွေအကြီးကြီးရှိခဲ့ကြပါတယ်။ တကယ်လက်တွေ့မှာကျတော့ မလေးရှားနိုင်ငံမှာ ကျွန်သဖွယ် နင်းချေခြင်းခံနေရပါတယ်။ စိတ်ကူးယဉ်အိပ်မက်တွေပျောက်ခဲ့တယ်။ ဘ၀ဟာလည်း သုံးစားလို့ မရအောင် စိတ်ဓါတ်တွေပျက်ပြားပြီး စိတ်ဓါတ်ကျဆင်းခဲ့ရပါတယ်။ စိတ်ဓါတ်ပျက်ပြားတယ်ဆိုတာ ကတော့ မြန်မာမိန်းကလေးတွေဟာ မလေးရှားရောက်ပြီး (၁၀)ရက် မပြည့်ခင်မှာဘဲ ချစ်သူ၊ ရည်းစား ရသွားတာကများပါတယ်။ အလုပ်ခေါ်တဲ့ Agent တွေက သူတို့ငွေရဖို့အတွက် မြန်မာပြည်က လူငယ်တွေကို လိမ်လည်ပြီးခေါ်တယ်။ မလေးရှားရောက်တော့ အလုပ်ကမရှိ၊ တချို့ဆိုကျွန်အဖြစ် ရောင်းစားခံရတဲ့ဘ၀ ရောက်သွားခဲ့ပါတယ်။ ဒီအဖြစ်ဆိုးတွေမှ လွတ်မြောက်ဖို့အတွက် မိန်းကလေး တွေဟာ နီးစပ်ရာလူကိုအားကိုးရှာရာက နောက်ဆုံး မိန်းမကောင်းစာရင်းမှ ပျက်ပြယ်သွားခဲ့တယ်။ ယောက်ျားလေးတွေဆိုရင်လည်း အလားတူပါပဲ ကြုံရာအလုပ်တွေလုပ်ရာကနေ စိတ်ညစ်ရာမှ အရက်၊ ဆေးလိပ်၊ ကွမ်း၊ ဘီယာတွေ စားသောက်တတ်လာပါတယ်။ နောက်ဆုံးမှာတော့ ဒုစရိုက်လောက သားအတွင်းကို ရောက်သွားခဲ့ပါတယ်။
      ဗမာအချင်းချင်း ဓါးပြတိုက်တယ်။ ခိုးတယ်၊ ဖွက်တယ်၊ လုတယ်၊ လိုချင်တာမရရင် ရဲကိုလက်တို့ပြီး ဖမ်းခိုင်းတယ်။ ကလေးတွေဟာ ငယ်ရွယ်တဲ့လူငယ်တွေဖြစ်သည့်အလျောက် စိတ်ရဲ့အစာဆွဲခေါ်ရာနောက်ကို လိုက်ပါ သွားကြပါတယ်။ မိဘအုပ်ထိန်းမှုမရှိသည့်အတွက်ကြောင့် အကွပ်မရှိတဲ့ ကြမ်းပရမ်းပတာပုံမျိုး ဗမာလူမျိုးတွေ မလေးရှားနိုင်ငံမှာ ဖြစ်နေကြတာပါ။ ဒီလိုမျိုးစိတ်ဓါတ်ပျက်ပြားရာက စိတ်ဓါတ်ကျဆင်းတဲ့ရောဂါဝေဒနာတွေ ဖြစ်လာကြပါတယ်။ မြန်မာပြည်က ထွက်လာတုန်းကတော့ "မွေးမေကျေးဇူးဆပ်ဖူးချင်တယ်" ဆိုတဲ့စိတ်နဲ့ထွက်လာ ခဲ့တယ်။ မလေးရှားသို့ ရောက်ပြီး (၁၀)ရက်ခန့်ကြာသောအခါမှာတော့ ချစ်သူလေးရသွားပြီး အိမ်စိတ်တွေ မေ့ပျောက် ကာ "ချစ်သူကိုရွှေနန်းထက်မှာ ထားချင်တယ်" ဆိုပြီးစိတ်ရဲ့ဆာလောင်မှုနောက်ကို လိုက်ကြပြန် ပါတယ်။
      သူများနိုင်ငံသွားပြီးနေတဲ့ ဗမာလူမျိုးတစ်ယောက်ဟာ အုပ်ထိန်းမဲ့သူလည်းမရှိ၊ မှီခိုရာကာကွယ်ပေးမဲ့ သူလည်းမရှိ၊ နွေးထွေးတဲ့မေတ္တာစစ်မေတ္တာမှန်ပေးမည့်သူလည်းမရှိ၊ အလုပ်လုပ်ရပြန်တော့လည်း အလွန်နိမ့်ကျတဲ့ အဆင့် အတန်းထဲမှာ ကျွန်တစ်ယောက်လို လုပ်ရတယ်။ နေထိုင်ရတဲ့နေရာကလည်း ညစ်ပတ်နံဆော်၊ စရိုက်မတူတဲ့ နိုင်ငံအသီးသီးက အဆင့်နိမ့်တဲ့အလုပ်သမားမျိုးစုံနဲ့ အတူတကွ အိပ်စားနေထိုင်ကြရတော့ ဘ၀ဟာ သုညဒီဂရီရဲ့ သုညအောက်ဆုံးမှာ ရောက်ရှိနေကြရတယ်။ ရလာတဲ့ဝင်ငွေကို မပျောက်ပျက်အောင် ထိန်းသိမ်းရတယ်။ ဓါးပြ တိုက်တာမခံရအောင်၊ ရဲဖမ်းမခံရအောင် ကြည့်သွား၊ ကြည့်စား "ကျီးလန့်စာစား" ဆိုသလို။ လေးသံလည်းနား ထောင်၊ အစာလည်းကြည့်စားဆိုတဲ့ လူကြီးသူမတွေရဲ့ ရှေးစကားအဆိုအမိန့်အတိုင်း မလေးရှားနိုင်ငံမှာ ကျွန်ုပ်တို့ဗမာတွေ အားလုံးကြုံဆုံနေရပါတယ်။ အဲဒီအခါကျတော့။ "သားမှားပြီ၊ မှားပြီအမေရယ်လို့" ဆိုပြန်ပါတယ်။ အထိန်းအကွပ်မရှိကြဘဲ မြန်မာမိန်းကလေး၊ ယေက်ျားလေးတွေဟာ နောက်ဆုံးမှာတော့ ဒုစရိုက်သားကောင်တွေ ဖြစ်သွားကြရပါတယ်။
      မိတ်ဆွေအပေါင်းအသင်းကောင်းကလည်းမရှိ၊ ကိုယ့်နိုင်ငံပြန်လာချင်ပေမဲ့လည်း Passport အစစ် (မူရင်း) မရှိသည့်အတွက်ကြောင့် ကြုံရာအလုပ်တွေကို လုပ်ရင်းကျားတောထဲမှာသားကောင်တစ်ကောင်ရောက်နေသလို အထိတ်အလန့်နဲ့နေထိုင်နေကြရပါတယ်။ ကြာလာတော့ စိတ်ကျရောဂါဖြစ်လာကြတယ်။ ဒီလိုအခြေအနေမျိုးနဲ့ကြုံဆုံ နေရတဲ့ အချိန်မှာ No.1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းကျောင်းကို ဖွင့်လှစ်တဲ့ဆရာတော်ဟာ မလေးနိုင်ငံသို့ အလည်ရောက်ရှိရာက ဗမာလူမျိုးတွေရဲ့ ဆင်းဆင်းရဲရဲနေထိုင်စားသောက်ရတဲ့ ဒုက္ခမျိုးစုံကိုတွေ့ရှိပြီး အားပေး မြှင့်တင်လိုသည့် စိတ်ဓါတ်များ ဖြစ်ပေါ်ကာ တပည့်ဒကာ၊ ဒကာမတွေရဲ့ တောင်းဆိုချက်ကြောင့် စိတ်ဓါတ်မြှင့်တင်ရေး သင်တန်းပို့ချပေးရန် သဘောတူခဲ့ပါသည်။
      ကိုယ့်မြန်မာနိုင်ငံသားတွေကို တွေ့ရတာဟာ မိမိရဲ့ဆွေမျိုးတွေကို တွေ့ရသကဲ့သို့ ဆရာတော်ဟာဝမ်းသာ ၀မ်းနည်းဖြစ်ခဲ့ရပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ ရဲတွေဟာ တနင်္ဂနွေနေ့ရောက်တိုင်း ဗမာတွေကို လိုက်လံဖမ်းဆီးတဲ့ပွဲ လုပ်တော့တာပါဘဲ။ စင်္ကာပူနိုင်ငံသို့ ရောက်ရှိတဲ့ ဗမာနှင့် မလေးရှားနိုင်ငံသို့ရောက်ရှိတဲ့ ဗမာလူမျိုးဟာ အဆင့်အတန်း တော်တော်ကွာခြားပါတယ်။ စင်္ကာပူနိုင်ငံရောက်တဲ့ဗမာတွေက လူတော်၊ လူတတ်၊ ပညာရှင်တွေဖြစ်ကြတယ်။ စားသောက်ဆိုင်တွေမှာဆိုရင် ဗမာလူမျိုးစားပွဲထိုး မရှိသလောက်ရှားပါးပြီး နိမ့်ကျတဲ့ စားပွဲထိုးနေရာများကို စင်္ကာပူ နိုင်ငံသားအစစ်များသာ လုပ်ကြပါတယ်။
      မြန်မာလူမျိုးတွေက အဆင့်မြင့်သူဋ္ဌေးများရဲ့ စားသောက်နေထိုင်မှုစတိုင်အတိုင်း သွားလာနေထိုင်ကြ ပါတယ်။ မလေးရှားနိုင်ငံရောက်လာတဲ့ ဗမာအများစုကတော့ ပညာရှင်အဆင့်နည်းပြီး လယ်ထွန်ရင်းမှ ထွက်လာ သူများ၊ ကောက်စိုက်ပျိုးနှုတ်ဘ၀မှ ထွက်လာသူများ၊ တောသူတောင်သားအများစုဘဲ တွေ့ရှိရပါတယ်။ ပညာအရည် အချင်းနိမ့်ကျသည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ Agent ရဲ့လက်ထဲရောက်သွားပြီဆိုတာနဲ့ "သွန်လိုသွန်၊ မှောက်လိုက မှောက်" ခံကြရပါတယ်။
      မလေးရှားရောက်လာတဲ့ မြန်မာအများစုက အဆင့်အတန်းနိမ့်ကျသော စားပွဲထိုး၊ ပုဂံဆေးနေရာများတွင် လုပ်ကိုင်နေထိုင်စားသောက်ကြရပြီး မလေးရှားနိုင်ငံသားတွေက သူဋ္ဌေးအသွင်အပြင်နေထိုင်မှုစတိုင်ဖြင့် သွားလာ ကြပါတယ်။ မလေးရှားရောက်ဗမာလူမျိုးအများစုဟာ ရိုးသားနေထိုင်တဲ့ ၀တ်စားဆင်ယင်မှုရှိသည့် အတွက်ကြောင့် နိုင်ငံတကာလူနေမှုအဆင့်အတန်းနှင့် အရမ်းကွာဟနေတာကို တွေ့ရှိရပါတယ်။ သူတို့ရဲ့နေထိုင်သွားလာလှုပ်ရှား မှုဟာအများတကာနှင့် ရင်ဘောင်တန်းပြီး အလိုက်သင့်လိုက်လျောညီထွေစွာ မနေတတ်မထိုင်တတ်ကြပါဘူး။ လုပ်ရတဲ့ အလုပ်ကလည်းနိမ့်ကျတဲ့အလုပ်ဖြစ်သည့်အတွက်ကြောင့် ဘယ်နေရာမှာမှလူတောမတိုးရဲကြပါဘူး။ ဗဟုသုတမရှိ၊ စားသောက်နေထိုင်မှုကအစ မသိမတတ်တဲ့အတွက်ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်းမရှိပါဘူး။ အဲဒါဟာ အမျိုးသားရေးစိတ်ဓါတ် နိမ့်ကျခြင်းပဲဖြစ်တယ်။
      အဲဒီလိုအမျိုးသားရေးစိတ်ဓာတ်နိမ့်ကျတဲ့လူတွေ နိုင်ငံခြားတိုင်းပြည်ရောက်သွားတဲ့အခါမှာ သူ့ရဲ့သွားလာ နေထိုင်မှု မကောင်းမွန်မှုကြောင့် နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒီလိုမျိုးတွေ မဖြစ်အောင် No. 1 စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းကျောင်း ဆရာတော်မှ လူတစ်ယောက်ချင်းအလိုက် တန်ဖိုးတက်အောင် ကိုယ့်ကိုကိုယ် တန်ဖိုးရှိတဲ့လူတွေအဖြစ် မြင်လာအောင်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာအောင် နေတာ၊ ထိုင်တာ၊ သွားတာ၊ လာတာ၊ ပြောတာ၊ ဆိုတာ၊ စားသောက်ပုံ၊ ၀တ်စားဆင်ယင်ပုံ၊ ရေသောက်တာ၊ အိပ်တာကအစ ခေတ်နဲ့ အညီ လိုက်လျောညီထွေမှုရှိအောင် နိုင်ငံတကာလူနေမှုအဆင့်အတန်းနှင့် ရင်ဘောင်တန်းနိုင်အောင် သင်ပြပေးခြင်း ဖြစ်တာကို တွေ့ရှိရပါတယ်။
      ဆရာတော်ရဲ့ သင်တန်းပို့ချချက်ထဲမှာ တန်ဖိုးဖြတ်လို့မရတဲ့သင်ခန်းစာတွေကို ကျွန်တော်ကိုယ်တိုင် ကြားသိ၊ မြင်တွေ့ခဲ့ရပါတယ်။ ဆရာတော်ကယခုလိုပြောပါတယ်။ တိုင်းပြည်တန်ဖိုးမြင့်မားဖို့ဆိုတာ လူတစ်ယောက်ချင်း အလိုက် တန်ဖိုးမြင့်မားရမယ်။ လူတစ်ယောက်ချင်းအလိုက် တန်ဖိုးမြင့်မားမှ တိုင်းပြည်နိုင်ငံတန်ဖိုးတက်မယ်။ လူတစ်ယောက်ချင်းအလိုက် စည်းကမ်းရှိရမယ်။ လူတစ်ယောက်ချင်းအလိုက်စိတ်ဓါတ်ကောင်မှ တစ်မျိုးသားလုံးရဲ့ အမျိုးသားရေးစိတ်ဓါတ်ကောင်းမွန်မှာ ဖြစ်တယ်။ တစ်မျိုးသားလုံး၏ စိတ်ဓါတ်ကောင်းမွန်မှ မိမိနိုင်ငံဟာ ကမ္ဘာ့အလယ် တွင် ယုံကြည်မှုအပြည့်ဖြင့် ရပ်တည်နိုင်မှာဖြစ်တယ်လို့ ဆရာတော်က သင်တန်းပို့ချသွားပါတယ်။
      No. 1 စိတ်ဓါတ်မြှင့်တင်ရေးဟာ မြန်မာလူမျိုးအတွက် အမှန်တကယ် မရှိ၊ မဖြစ်သည့် အမျိုးသားရေး စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းကျောင်းဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဆရာတော်ဟာ မလေးရှားနိုင်ငံကို အလှူခံဖို့ရောက်ရှိလာတာမဟုတ်ဘဲ အလည်သက်သက်သာ ရောက်ရှိ လာတယ်ဆိုတာကို ကျွန်တော်လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူဦးရေ (၅၀၀၀)ဆံ့ ခမ်းမတွင် သင်တန်းပို့ချတဲ့အချိန်မှာ တစ်ကျပ်တစ်ပြားမှ အလှူခံခြင်း၊ ကောက်ခံခြင်းပြုမသွားတာကို ကျွန်တော်တွေ့မြင်ခဲ့ရ ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဆရာတော်ဟာ ကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေရဲ့ ကောင်းကျိုးချမ်းသာကို အဓိကရှေးရှု ပြီး သင်တန်းပို့ချသွားတာဖြစ်တယ်လို့ ကျွန်တော်အပြည့်အ၀ယုံကြည်ပါတယ်။
      ကျွန်တော်တို့မြန်မာအလုပ်သမားတွေဟာ တနင်္ဂနွေနေ့ရောက်ပြီဆိုတဲ့အခါတိုင်း ကွာလာလမ်ပူ မြို့လယ်ခေါင်ရှိ "ဇေယျာ" စားသောက်ဆိုင်မှာအချင်းချင်း လာရောက်စောင့်ဆိုင်းတွေ့ဆုံကြပါတယ်။ တနင်္ဂနွေနေ့ ရောက်တိုင်းမလေးရှားရဲတွေအတွက် ၀င်ငွေအကောင်းဆုံးနေ့တွေဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗမာအလုပ် သမားတွေဟာ အပြင်ထွက်လျှင် Passport မိတ္တူဖြင့် ထွက်တယ်။ တချို့ကျတော့ Passport အစစ် (မူရင်း) မရှိဘဲ ကြုံရာအလုပ်တွေကို လုပ်နေရတယ် ရသမျှပိုက်ဆံတွေကို မြန်မာပြည်သို့ ပြန်ပို့ကြရတယ်။ တခါတလေဆိုရင် လမ်းမှာ ဓါးပြအတိုက်ခံရတယ်။ တခါတလေ ကိုယ့်ဗမာအချင်းချင်းပြန်တိုက်တယ်၊ တခါတလေ ဘင်္ဂလားဒေ့ရှ် လူဆိုးလူမိုက် များက ဓါးပြတိုက်တာခံရတယ်။ ဘယ်သူမှ ဓါးပြတိုက်မယ့်လူမရှိဘူးဆိုရင် ရဲဖမ်းခံရတာမျိုးနှင့် ကြုံရပြန်ပါတယ်။
      အများအားဖြင့် တနင်္ဂနွေရက်ဆိုလျှင် ဗမာတွေအလှူပေးတဲ့ရက်လို့ပြောရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ ရဲဖမ်းခံရတဲ့လူအများစုဟာ ကျွန်တော်တို့ဗမာအများစုဘဲဖြစ်နေလို့ပါ။ ရှိစုမဲ့စု ရဲကိုပေးပြီး ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ ကြရပါတယ်။ တခါတရံဆိုလျှင် ကျွန်တော်တို့ဗမာတွေရဲ့ လက်ထဲမှာ Passport အစစ်ကိုင်ထားပြီး လမ်းထွက်ရင် တောင် ရဲဖမ်းခံရပါတယ်။ တခါတရံ အရမ်းဆိုးတဲ့ ရဲနဲ့တွေ့ပြီဆိုလျှင် ဗမာတွေရဲ့ Passport စာအုပ်ကို ဖြဲစုတ်ပစ်တယ်။ မြန်မာသံရုံးကို သွားတိုင်ရင်လည်း မြန်မာသံရုံးက အကာအကွယ်မပေးနိုင်ပါဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ မလေးရှားနိုင်ငံကို အလုပ်သမားခေါ်စာဖြင့် ရောက်ရှိလာပြီဆိုတာနှင့် မလေးရှားအစိုးရနဲ့ မြန်မာ အစိုးရကို အခွန်ပေးဆောင်ရပါတယ်။
      ဘယ်လိုပဲအခွန်ပေးဆောင်ရ၊ ပေးဆောင်ရ ကိစ္စမရှိပါဘူး၊ မလေးရှားရောက် ကျွန်တော်တို့မြန်မာလူမျိုးတွေ အတွက်တော့ မြန်မာသံရုံးက အကာအကွယ်ပေးနိုင်အောင်တောင် မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးစေ ချင်ပါတယ်။ မလေးရှားနိုင်ငံမှာ ရောက်ရှိလာတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခွန်ကိုကောက်ပြီး သံရုံးဖွင့်ထားတဲ့ မြန်မာသံရုံးဟာ Passport စာအုပ်ကို မလေးရှားရဲက ဖြဲစုတ်ခြင်းမခံရအောင် အကာအကွယ်မပေးနိုင်ဘူးဆိုလျှင် ဒီနိုင်ငံအုပ်ချုပ်တဲ့ အစိုးရကို ကျွန်တော်တို့ ဘယ်လိုအားကိုးအားထားပြုရမလဲဆိုတာ စဉ်းစားကြည့်ကြပါ။
      မလေးရှားမှာ ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ဘယ်လူမျိုးနဲ့မှ မတူပါဘူး။ တစ်ထွာပြလျှင်တစ်လံလောက် မြင်တဲ့လူမျိုးတွေပါ။ အလုပ်ကိုလည်း ကြိုးစားကြတယ်။ ပြောရရင်တော့ မလေးရှားလူမျိုးတွေထက်ကို ကျွန်တော်တို့ မြန်မာလူမျိုးတွေကတော်ကြပါတယ်။ ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ စိတ်ဓါတ်၊ စည်းကမ်း၊ ကိုယ်ကျင့်တရား မကောင်းဘူးဆိုလျှင် နိုင်ငံရဲ့ဂုဏ်သိက္ခာကို ကျဆင်းအောင်လုပ်နေသလိုဖြစ်ပါလိမ့်မယ်။ မလေးရှားရောက်လာတဲ့ ကျွန်တော်တို့ မြန်မာတွေအားလုံးဟာ ကိုယ့်နိုင်ငံမှာ ၀တ်စားဆင်ယင်နေထိုင်သလိုမျိုး နေထိုင်လို့မရတော့ဘူးဆိုတာ ကျွန်တော် သတိပြုမိပါတယ်။
      ဘာ့ကြောင့်လဲဆိုတော့ ရဲဖမ်းခံရတဲ့ ဗမာအများစုကို ကြည့်လိုက်ပြီဆိုလျှင် ၀တ်စားဆင်ယင်မှုက အတော်လေးကို ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။ ဗမာလူမျိုး(၂)ယောက် လမ်းလျှောက်သွားပြီဆိုရင်တောင်မှ အ၀တ်အစား သန့်သန့်ရှင်းရှင်းတောက်တောက် ပြောင်ပြောင် ၀တ်ထားတဲ့ ဗမာကို စစ်ဆေးမေးမြန်းခြင်းမပြုပါဘူး။ နိုင်ငံခြားရောက်လာတဲ့ ကျွန်တော်တို့ဗမာတွေရဲ့ အားနည်းချက်ဟာ ၀တ်စား၊ နေထိုင်။ သွားလာလှုပ်ရှားပုံ မမှန်ကန်တဲ့အတွက်ကြောင့် နေရာတိုင်းမှာ ပြဿနာ တက်ကြရတယ်။ ဒုက္ခရောက်ကြတယ်။ ရဲက မသင်္ကာတဲ့စိတ်ဖြင့် စစ်ဆေးမေးမြန်းခြင်းခံရတယ်။ နောက်ဆုံးတော့ ကိုယ့်အိတ်ကပ်ထဲက ပိုက်ဆံထွက်သွားရပါတယ်။
      ကျွန်တော်တို့ရဲ့ ၀တ်စားနေထိုင်စားသောက်တဲ့ ယဉ်ကျေးမှုဟာ နိုင်ငံကို ကိုစားပြုပါတယ်။ အစိုးရက လွှတ်လိုက်တာတော့ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ ဥပမာ။ ။ မြန်မာလူမျိုးတစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ ၀င်ခိုးတယ် ရဲကမိပြီဆိုတာနဲ့ ဒီလူဘာလူ? ဗမာလူမျိုးဆိုတာနဲ့ ကိုယ့်ကိုအကြောင်းပြုပြီး နိုင်ငံကိုပါထိခိုက်သွားစေပါတယ်။ မလေးရှား ရောက်ကျွန်တော်တို့ ဗမာလူမျိုးတွေအားလုံးဟာ လူတစ်ယောက်ချင်းအလိုက် နိုင်ငံကို ကိုယ်စားပြုတယ်ဆိုတာကို မမေ့စေချင်ပါဘူး။
      တကယ်တော့ No. 1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းကျောင်းမှ ဆရာတော်ရဲ့သင်တန်းပို့ချချက်တွေ အားလုံးဟာ ကျွန်တော်တို့မြန်မာလူမျိုးများအတွက်တော့ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာပေါင်းစုံမှ လွတ်မြောက်အောင် ကိုယ့်ကိုကိုယ် ဂုဏ်သိက္ခာရှိတဲ့လူတွေဖြစ်အောင် နေတတ်၊ ထိုင်တတ်၊ သွားလာ စားသောက် ပုံတွေကို သင်ကြားပို့ချပေးတာ ဖြစ်ပါတယ်။
      ယခုမလေးရှားနိုင်ငံမှာ ဆရာတော်သင်တန်းလာဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဗမာတွေအားလုံးက ဆရာတော်ရဲ့ သင်တန်းပို့ချမှုအပေါ်မှာ ယုံကြည်မှုအရမ်းအားနည်းခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအများစုက ဆရာတော်ကို စစ်တပ်ဘုန်းကြီး၊ အစိုးရဘုန်းကြီးဆိုပြီး စွပ်စွဲပုတ်ခတ်ကြတယ်။ ဒီသင်တန်းပေးတဲ့ပွဲကို မပျက်ပျက်အောင် မြန်မာလူလူထုကြားမှာ ဒီသင်တန်းကို မတက်ကြဘို့ သတင်းပြန့်ချီကြတယ်။ Internet, Telephone များမှတဆင့် သတင်းပို့ကြတယ်။
      နိုင်ငံရေးသမားဆိုတာကလည်း တကယ့်အစစ်အမှန် နိုင်ငံရေးသမားများ မဟုတ်ကြပါဘူး သူများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်း မြောက်မှန်း မသိ ဆိုတဲ့ လူစားမျိုးတွေပါ။ တချို့ဆိုရင် (၈၈) အရေးခင်းတောင်မမီပါဘူး ဗိုလ်ချုပ်အောင်ဆန်းဘယ်နေ့မွေးလဲ? လွတ်လပ်ရေးဘယ်နေ့ရလဲ? ဆိုတာတောင် မသိတဲ့လူတွေက နိုင်ငံရေးပုဂ္ဂိုလ်အမည်ခံများ အဖြစ်ခံယူကြပြီး ဘုန်းကြီးတစ်ပါးကြွလာတာကို နိုင်ငံတော် သမ္မတလာ သကဲ့သို့ ဆန္ဒပြအောင် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
      သင်တန်းကျင်းပပေးတဲ့ အလှူရှင်ကိုလည်း လူလွှတ်၍သော်လည်းကောင်း တယ်လီဖုန်းဖြင့် သော်လည်းကောင်း ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ ကိုယ့်ထက်သီလ၊ သမာဓိ၊ ဂုဏ်သိက္ခာ၊ ပညာကြီးမားတဲ့ ရဟန်းတစ်ပါးကို ၀ိုင်းပြီးစော်ကားနေတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ဘယ်လောက်ထိ ပျက်စီးအောင် ဖျက်ဆီးဖို့ကြံစည်သလဲဆိုရင် NO.1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်း ပျက်စီးသွားဖို့အတွက် မလေးရှားနိုင်ငံ ရဲ့ ဋ္ဌာနဆိုင်ရာအားလုံးကို တိုင်ကြားစာများပို့ပါတယ်။ ၎င်းတိုင်ကြားစာများကြောင့် သင်တန်းမ စတင်မီမှာ ဌာနဆိုင်ရာ များရောက်ရှိလာပါတယ်။ ရောက်ရှိလာသော ဌာနဆိုင်ရာများအားလုံးဟာ ဆရာတော်ဖြင့် အေးအေးဆေးဆေးစကား ပြောကြပါတယ်။ ခွင့်ပြုချက် permit တောင်းတယ် ခွင့်ပြုမိန့်ပြလိုက် ပါတယ်။
      သင်တန်းအားဦးဆောင်ပြီးဖွင့်လှစ်တဲ့ပုဂ္ဂိုလ်များကို တွေ့ချင်တယ်။ သင်တန်းအလှူရှင်များဖြင့် အေးအေးဆေး ဆေးစကားပြောကြပါတယ်။ ဆရာတော်ထံကို ရောက်ရှိလာတဲ့ အိန္ဒိယလူမျိုး ရဲမှူးကြီးကို မေးကြည့်ပါတယ်။ တိုင်စာက ဘယ်လိုတိုင်တာလည်းမေးတော့ တိုင်တဲ့လူက မြန်မာလူမျိုး၊ တိုင်တဲ့အကြောင်းအရာက မြန်မာပြည်က ဘုန်းကြီးတစ်ပါးရောက်နေတယ်။ SM ကုန်တိုက်မှာ ဒစ်စကိုဒန့်စ်အက အသင်ပေးမယ်။ ပြီးရင် ဗုံးဖောက်ခွဲမယ်ဆိုတဲ့ သတင်းများထွက်ပေါ်နေလို့ပါ, ယုံတော့မယုံပါဘူး။ တာဝန်အရ လာကြည့်တာ ပါလို့ ပြန်ဖြေပါတယ်။
      ဆရာတော်နှင့်တွေ့ဆုံတဲ့အခါမှာ သူတို့မေးပါတယ်။ ဘာသာရေးတရားဟောမှာလား? ဘာလုပ်မှာလဲ? လို့ မေးပါတယ်။ ဆရာတော်က စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းပို့ချမှာကို ပြန်ဖြေပါတယ်။ စိတ်ဓာတ်မျြင့်တင်ရေးဆိုတာ ဘာတွေကို သင်တာပါလဲလို့ မေးပါတယ်။ ဆရာတော်က မလေးရှားမှာရောက်နေကြတဲ့ မြန်မာလူငယ် လူရွယ်တွေကို လိမ္မာယဉ်ကျေးအောင်၊ မလေးရှားနိုင်ငံ၌စည်းကမ်းရှိစွာ နေတတ်ထိုင်တတ်အောင် ၊ ဒုစရိုက်မှုတွေမပြုအောင် အလုပ်ကိုသာကြိုးစားပြီးလုပ်ချင်လာအောင်၊ တန်ဘိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်၊ မိမိလာတုန်းက ရည်ရွယ်ချက် များ မပျောက်ပျက်အောင်၊ အောင်မြင်ကြွယ်ဝချမ်းသာတဲ့ ပုဂ္ဂိုလ်များဖြစ်အောင်၊ လုပ်ငန်းဌာနများတွင် ပြဿနာအခက် အခဲ ဖြစ်လာပါက စိတ်ဓာတ်မကျအောင်၊ မင်းတို့ရဲ့ မိဘတွေက မင်းတို့တွေ အောင်မြင်မှုနဲ့ ပြန်လာတာကို မျှော်နေကြ ကြောင်း စသည့်သင်ခန်းစာတွေကို သင်ကြားပေးမှာဖြစ်တယ်လို့ ပြောလိုက်တော့ ရဲမှူးကြီးဟာ အလွန်ပင်အံ့သြ သွားတာကို တွေ့ရှိရပါတယ်။
      ဆရာတော်ရဲ့လက်ကို ဆုပ်ကိုင်ပြီးသူ့ကိုခွင့်လွှတ်ပါ။ ဒီပွဲပြီးဆုံးအောင်ကျင်းပပါ။ သူကိုယ်တိုင်စောင့်ရှောက် ပေးပါမယ်လို့ ပြောပါတယ်။ သင်တန်းမစတင်မီမှာ ရောက်ရှိလာတဲ့ လူကတော့ မလေးရှားနိုင်ငံရဲ့ CIA ဋ္ဌာနမှ အရာရှိကြီးပဲ ဖြစ်ပါတယ်။ သင်တန်းပိတ်ဖို့လာတာလားလို့ သူ့ကို မေးကြည့်ပါတယ်။ သူကတော့တိုင်စာရလို့ လာတာမဟုတ်ပါဘူး။ ဗမာတွေ ဆန္ဒပြမယ်လို့ သတင်းကြားလို့ လာတာပါ။ ဒီသင်တန်းအတွက် အနှောင့်အယှက်ရှိယင် ကာကွယ်ပေးဖို့ လာတာပါလို့ ဖြေပါတယ်။
      ဆရာတော်က မြန်မာလိုပို့ချတာ ဖြစ်ပေမဲ့လည်း သင်တန်းပြီးဆုံးတဲ့အထိ ဘာသာပြန်တစ်ယောက်ကို ခေါ်ပြီး နားထောင်ပါတယ်။ သင်တန်းခန်းမရဲ့ ပြင်ဆင်ပုံနှင့် သင်တန်းပို့ချချက်တွေကို ကြည့်ပြီး သူဟာအရမ်းသဘောကျ သွားခဲ့ပါတယ်။ ပြန်ခါနီးမှာ သင်တန်းဦးစီးကျင်းပပေးတဲ့ အလှူရှင်ဖြင့် တွေ့ဆုံပြီး ယ္ခုလို ပြောပါတယ်။ ကျွန်တော်တို့ မလေးရှားလူမျိုးတွေဟာ အလုပ်ကိုမကြိုးစားဘူး၊ အရမ်းပျင်းကြပါတယ်။ ဒါကြောင့် သူတို့မှာ ပိုက်ဆံမရှိပါဘူး။ ရှိသမျှ အသုံးဆောင်ပစ္စည်းတွေအားလုံးဟာလည်း အကြွေးစနစ်ဖြင့် ယူထားကြတာဖြစ်တယ်။
`       မြန်မာလူမျိုးတွေကြတော့အလုပ်ကိုကြိုးစားကြတယ်။ပိုက်ဆံလည်းကိုင်နိုင်တယ်။အိမ်ကိုလည်း ပြန်ပို့ပေးနိုင် တယ်။ ပြီးရင် မလေးရှားလူမျိုးတွေထက်တော်တယ်။ သတ္တိရှိတယ်။ ဒီလိုမျိုးစိတ်ဓာတ်မျြင့်တင်ရေး သင်တန်းတွေ ရှိတာကြောင့် တော်တာဖြစ်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မလေးရှားနိုင်ငံမှာလည်း မလေးဘာသာ စကားဖြင့် ဒီသင်တန်းမျိုးဖွင့်လှစ်နိုင်အောင် စီစဉ်ပေးပါအုံး။ နောက်ဆိုလျှင် အခက်အခဲရှိလျှင်၊ အကူအညီလိုအပ်လျှင် ကျွန်တော့်ဖုန်းကို ဆက်သွယ်ပါ။ အချိန်မရွေးကူညီပေးပါမယ်။ မလေးရှားနိုင်ငံရဲ့ ၀န်ကြီးချုပ်ကိုလည်း ဒီသင်တန်းနဲ့ပတ်သတ်ပြီးဖြစ်စဉ် အစအဆုံးကို တင်ပြပေးပါမယ်။ ကျွန်တော်အခုလို ရောက်ရှိလာတဲ့အတွက် အနှောင့်အယှက်ဖြစ်သွားမယ်ဆိုရင်လည်း တောင်းပန်ပါတယ်။ နောက်ဆိုရင်တော့ ကျွန်တော်တို့အားလုံး အကောင်းဆုံးဖြစ်အောင် ၀ိုင်းပြီးစီစဉ်ကြတာပေါ့လို့ ပြောပြီး ပြန်လည် ထွက်ခွာ သွားခဲ့ပါတယ်။
      နိုင်ငံရေးသမားတွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး မလေးရှားနိုင်ငံရှိ ဆရာတော်တွေရဲ့ နာမည်ကို သင်တန်းဖျက်ဆီးရေးမှာ အများဆုံး အသုံးပြုခဲ့ပါတယ်။ ဆရာတော်၊ သံဃာတော်တွေ ဟာ လူတွေအများကြီးစုပြီး ဆန္ဒပြတော့်မည့်ပုံစံ မျိုးသတင်းဖြန့်ချီခဲ့ကြပါတယ်။ မမှန်ကန်သည့် သတင်းများဖြင့် လူတွေကို လှုံ့ဆော်ခဲ့ကြပါတယ်။ သူတို့လိုချင်တဲ့ ပုံစံအတိုင်းလူတွေကို ဆန္ဒပြလို့ ၊ စည်းရုံးလို့ မရတော့၊ သင်တန်းကျင်းပပေးတဲ့လူတွေကို ခြိမ်းခြောက်တယ်။ ခွင့်ပြုချက်စာရွက် စာတမ်းရှိလာဆိုပြီးတော့ ရဲတွေကို ပိုက်ဆံပေးပြီးလာပြီး စစ်ဆေးခိုင်းတယ်။
      ရောက်ရှိလာသမျှသော ရန်သူတွေအားလုံးဟာ အခမ်းအနားပြင်ဆင် ထားကာပုံနှင့်ဆရာတော်ရဲ့ အေးချမ်းတည်ငြိမ်မှု၊ မေတ္တာတရားကြီးမားမှုကို နားလည်သိရှိသွားကြပါတယ်။ ရန်သူတွေ ပစ်ချလိုက်တဲ့ လက်နက်တွေဟာ ဆရာတော်အတွက် အင်အားတွေ ဖြစ်သွားပါတယ်။
      တကယ်တော့ အဖျက်သမားအုပ်စုဟာ လူနည်းစုသာရှိပါတယ်။ No. 1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းဟာ ကွာလာလမ်ပူမြို့တွင် ထူးခြားပြီး အအောင်မြင်ဆုံးပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ တကမ္ဘာလုံးက ဆရာတော်အပေါ်မှာ ထင်မှားခဲ့တဲ့ သံသယတွေအားလုံးကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာသတင်းမီဒီယာပေါင်းစုံတက်ရောက်ခဲ့ တယ်။ သူတို့မေးသမျှမေးခွန်းတွေအားလုံးကို ဆရာတော်မှ စိတ်အေးချမ်းသာစွာဖြင့် ဖြေကြားခဲ့ပါတယ်။ SM ကုန်တိုက်တွင် ယ္ခင်တုန်းကတရားပွဲတွေ၊ စတိတ်ရှိုးပွဲတွေကျင်းပသည့်အချိန်တွင် ပွဲပြီးချိန်၌ စစ်ဆေးခြင်း၊ ဖမ်းဆီး ခြင်းများပြုလုပ်ခဲ့သော်လည်း ယ္ခုလိုပွဲမှာတော့အဖမ်းအဆီးတွေမရှိခဲ့ပါဘူး။ အရက်မူးပြီးလာလို့ ရဲနဲ့တွေ့လျှင် ဘယ်သွားမလို့ လဲ? No.1 သင်တန်းသွားမယ်လို့ ဖြေလိုက်ရင်ပဲ အဖမ်းအဆီးမရှိတော့ပါဘူး။
      သင်တန်းကျင်းပနေစဉ် ရဲ၊ စစ်တပ်၊ လုံခြုံရေးအယောက် (20)ခန့်ကို အစောင့်ချထားပါတယ် ။ No.1 အင်္ကျီ အစိမ်းရောင်ဝတ်ဆင်ထားသော ဝေယျာဝစ္စလူငယ်များမှ "မင်္ဂလာပါ" ဟုလက်အုပ်ချီနှုတ်ဆက်နည်းဖြင့်ကြိုဆိုပါတယ်။ သင်တန်းခန်းမသို့ရောက်ရှိလာသူများဟာ စိတ်အေးချမ်းမှုနှင့် စိတ်ဓာတ်ခွန်အားများရရှိခဲ့ပါတယ်။ အဖျက်သမား များဟာ ပထမပိုင်းမှာတော့ အစိုးရဘုန်းကြီး၊ စစ်တပ်ဘုန်းကြီးဆိုပြီးကန့်ကွက်တယ်။ နောက်ပိုင်းကျတော့ ဗုဒ္ဓဘာသာ ရဲ့အခမ်းအနားကို မွတ်ဆလင်ဘာသာဝင်တစ်ဦးကအလှူပေးသည့်အတွက်ကြောင့် မကျေနပ်လို့ကန့်ကွက် တယ်လို့ ပြောပါတယ်။
      တကယ်တော့သင်တန်းပွဲအလှူရှင်မိသားစုဟာ မြန်မာပြည်မှာမွေးတဲ့မြန်မာမွတ်ဆလင်များသာဖြစ်တယ်။ စစ်တပ်မှအငြိမ်းစားယူထားတဲ့ ဗိုလ်မှူးဟောင်းဆရာဝန်ကြီးဒေါက်တာ ထွန်းညိုရဲ့မိသားစုဘဲဖြစ်ပါတယ်။ သူတို့မိသား စုဟာ မလေးရှားနိုင်ငံသို့ အပြီးတိုင်ပြောင်းရွှေ့လာပြီး မလေးရှားနိုင်ငံသားများအဖြစ် ခံယူထားခြင်းဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာက စီးပွားရေးဘဲလုပ်လုပ် ဘာသာရေးဘဲလုပ်လုပ်၊ ကုမ္မဏီဘဲထောင်ထောင်၊ အိမ်ရှင်နိုင်ငံသားမပါ ဘဲနှင့်နိုင်ငံခြားသားကို ဘာအခွင့်အရေးမှမပေးပါဘူး။ နောက်ပြီးစိတ်ဓါတ်မြှင့်တင်ရေးသင်တန်းကျင်းပမည့်နေရာက ကုန်ကျ စရိတ်လည်းကြီးသလို မြို့ရဲ့အချက်အခြာကျတဲ့နေရာလည်းဖြစ်တယ်။ ဗမာလူမျိုးတစ်ယောက်အနေဖြင့် ပိုက်ဆံချမ်း သာလျှင်သာ ဒီပွဲမျိုးလုပ်နိုင်မည်မဟုတ်ပါဘူး။
      သင်တန်းပွဲကျင်းပတဲ့မိသားစုဟာ မြန်မာနိုင်ငံသားများလည်းဖြစ်ကြသလို လူချမ်းသာများလည်းဖြစ်ကြ ပါတယ်။ အစိုးရဌာနဆိုင်ရာ ၀န်ကြီးချုပ်ထိ ပေါက်မြောက်တဲ့လူများလည်းဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာမြန်မာရဟန်း တော်တစ်ပါးကို မြန်မာမွတ်ဆလင်တစ်ဦးက မကူညီမလှူဒါန်းရဘူးဆိုတဲ့ စည်းကမ်းချက်လည်းမရှိပါဘူး။ မလေးရှား သို့ရောက်လာတဲ့ကိုယ့် ဗမာလူမျိုးအများစုကလည်း ဆင်းရဲနိမ့်ကျတဲ့အလုပ်သမားအများစုသာ ရှိကြတယ်။ ဒီလိုကြီး မားတဲ့တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ရာမှာ အင်မတန်မှကိုခက်ခဲပါတယ်။ ( 19.5.11) ရက်ထုတ်သတင်းစာမှာ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်တဲ့ တရုတ်လူမျိုးတစ်ဦးက မလေးရှားနိုင်ငံရဲ့ ဗလီအသေးစားများကိုဆောက်လုပ်လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းများပြုလုပ်သည့်သတင်းပါရှိလာပါတယ်။ မိတ်ဆွေများဖတ်ရှုနိုင်အောင် scan ဖတ်ပြီးတင်ပြပေး ပါတယ်။ 
      မြန်မာလူမျိုးတွေဟာ ကိုယ်လည်းမလုပ်နိုင်၊ သူများလုပ်တာကိုလည်းမကြိုက်၊ ဘုပြော၊ ဘေးထိုင်၊ဘိုင်ကျ ဒါဟာမကောင်းပါဘူး။ မလေးရှားနိုင်ငံမှာ မလေးရှားလူမျိုးတွေဟာ သူ့လူမျိုးသူ့ဘာသာမကောင်းကြောင်းဘယ် တော့မှမပြောပါဘူး။ မနေ့ကဘဲ မွတ်ဆလင်ဘာသာဝင်အမျိုးသမီးတစ်ယောက်နှင့်ကျွန်တော်စကားပြောဖြစ်ကြတယ်။ အဲဒီအမျိုးသမီးကပြောလာပါတယ်။ သူတို့ရဲ့မွတ်ဆလင်ဘာသာဝင်တွေဟာ ကိုယ့်ဘာသာမကောင်းကြောင်း တစ်ယောက်ကိုတစ်ယောက်မကောင်းကြောင်းမပြောကြပါဘူး။ ဥပမာ - မလေးရှားလူမျိုး မွတ်ဆလင်ဘာသာဝင် (၂) ဦးရန်ဖြစ်နေကြတဲ့အချိန် တရုတ်လူမျိုးတစ်ယောက်ကရောက်ရှိလာပြီး တစ်ဦးဘက်မှရပ်တည်ဖြေရှင်းပေးလိုက်ပြီဆို လျှင် ရန်ဖြစ်နေတဲ့ မွတ်ဆလင်ဘာသာဝင် (၂) ဦးဟာတစ်ဦးနှင့်တစ်ဦးပြန်တည့်သွားပြီး ရန်ပွဲလာခွဲပေးတဲ့တရုတ်ကို ပါးတစ်ယောက်တစ်ချက် ရိုက်လိုက်ကြပါတယ်။ သူတို့ဟာ အဲဒီလောက်ထိစည်းလုံးကြပါတယ်။ 
      မြန်မာလူမျိုးတွေကတော့ ကိုယ့်လူမျိုး၊ကိုယ့်ဘာသာအချင်းချင်းလည်းတိုက်ခိုက်ကြတယ်။ ဖျက်ဆီးကြတယ်။ အမျိုးမျိုးဒုက္ခပေးကြတယ်။ ယခုဘဲကြည့်လူမဟုတ်တဲ့ ရဟန်းတစ်ပါးကိုဝိုင်းပြီးတိုက်ခိုက်နေကြတာဟာ ဘာသာ၊ သာသနာအတွက်အလွန်ပင်ရှက်စရာကောင်းလှပါတယ်။ ကိုယ့်ဘာသာဝင်အချင်းချင်းတိုက်ခိုက်နေတာ၊ ဒုက္ခရောက် အောင်လုပ်နေတာဟာ ကိုယ်တစ်ဦးတည်းထိခိုက်ရုံမဟုတ်ဘဲ နိုင်ငံကိုပါ သိက္ခာကျစေပါတယ်။ ဒီလိုလုပ်လိုက်တဲ့ အတွက် ကိုယ့်မှာဘယ်လောက်ထိဂုဏ်သိက္ခတက်သွားသလဲ? ဘုန်းကြီးဘွဲ့တောင်မှန်အောင်မရေးနိုင်တဲ့သူ တစ်ဦးကိုသွားပြီး ဆရာလုပ်ချင်သေးတယ်။ ကိုယ့်ရဲ့အသိပညာမဲ့မှုဟာ ကိုယ့်အထုပ်ကို ကိုယ်ပြန်ဖြေပြသလိုဖြစ်နေ ပါတယ်။ 
      မလေးရှားနိုင်ငံက မြန်မာပြည်က ဘုန်းကြီးတွေ၊ စာရေးဆရာတွေ၊ မင်းသမီးတွေကို ပင့်ဖိတ်ခေါ်ပြီး အခမ်းအနားပွဲကျင်းပတယ်။ အလှူငွေ (၁) သိန်းလောက်ရရင်ဘုန်းကြီးကို သုံးသောင်းလောက်ပဲကပ်ကြတယ်။ အဆိုတော်မင်းသား၊ မင်းသမီးတွေဆိုရင်လည်း ဒုက္ခရောက်ပြီးပြန်ကြရတယ်။ မျောက်ပြဆန်တောင်းလုပ်စားတဲ့အဖွဲ့ အစည်းတွေရှိနေတယ်။ ယခုလည်း ဆရာတော်ရဲ့ပွဲမှာ သူတို့ကိုအသိပေးမပြောကြားတဲ့အတွက်ကြောင့် မြို့ခံဆရာတော်တွေရဲ့ အကူအညီကိုယူပြီး သင်တန်းမဖြစ်မြောက်အောင်ကန့်ကွက်ကြတယ်လို့ကြားရပါတယ်။ 
      ဆရာတော်က မလေးရှားနိုင်ငံမှပြန်ခါနီးမှာ ကျွန်တော့ကိုစကားတစ်ခွန်းပြောခဲ့တယ်။ ကဝေတိုက်၊ မှော်တိုက်၊ အင်းတိုက်၊ အောက်လမ်းနည်းအတိုက် စတဲ့စကားဟာ ဟိုတုန်းကကြားဘဲကြားဘူးခဲ့တာပါ။ ယခုတော့ ကိုယ်ကိုတိုင် မလေးရှားမှာ ဒီအဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရတယ်။ 
      No.1 စိတ်ဓါတ်မြင့်တင်ရေးသင်တန်းကို “SM” ကုန်တိုက် လူဦးရေ (5000) ဆံ့ခမ်းမတွင် ကျင်းပမည်ဆို တော့ ပျက်စီးအောင်ဖျက်ဆီးဖို့အတွက် လူစုံတက်စုံရောက်ရှိလာကြတယ်။ တချို့က အစိုးရကိုမကြိုက်တဲ့ နိုင်ငံရေးသမား၊ တချို့ကနိုင်ငံရေးအမည်ခံပုဂ္ဂိုလ်၊ တချို့ကဘာသာရေးကိုခုတုံးလုပ်ပြီး စီးပွားရှာနေသူ၊ တစ်ချို့က ဗုဒ္ဓဘာသာကိုမကြိုက်တဲ့သူ၊ တချို့ကကောင်းကောင်း၊ မကောင်းကောင်းဒီသင်တန်းပျက်စီးအောင် ဖျက်ဆီးဖို့ လာတဲ့သူ၊ တချို့ကတော့ ခွေးများဟောင်သလို တစ်ကောင်အူလိုက်ပြီဆိုတာနဲ့ ၀ိုင်းပြီးအူတတ်ကြတဲ့သူ၊ တချို့ကြ တော့ဆန္ဒပြ အောင်လှုံ့ဆော်တဲ့သူ၊ ဒီလူတွေဟာလူကိုယ်တိုင်တိုက်ရိုက်သော်လည်းကောင်း၊ တယ်လီဖုန်း ဖြင့်သော် လည်းကောင်း၊ အမျိုးမျိုးဟိန်းလိုက်၊ ဟောက်လိုက်၊ ခြိမ်းခြောက်လိုက်နဲ့ အို အမျိုးကိုစုံလို့နေတော့တာပဲ။ 
      သင်တန်းဖြစ်မြောက်ရေးအတွက် စီစဉ်ကြတဲ့လူတွေကလည်း ဒီအသံတွေကိုကြားရတဲ့အတွက်ကြောင့် လုံခြုံရေးစစ်တပ်နဲ့ ရဲကင်းတွေချထားလိုက်ပါတယ်။ သင်းတန်းဖြစ်မြောက်ရေးအဖွဲ့က ရဲအဖွဲ့ကိုငှားရင် ဖျက်ဆီးရေးအဖွဲ့ကလည်း ရဲထက်မြင့်တဲ့အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေကိုငွေပေးပြီး လာရောက်စစ်ဆေးဖျက်ဆီးခိုင်း ပါတယ်။ ဌာနဆိုင်ရာပေါင်းစုံမှ အရာရှိများရောက်ရှိလာရာကနေ ၀န်ကြီးချုပ်အဆင့်ထိ သိရှိသွားပါတော့တယ်။ မလေးရှားမှာရောက်ရှိတဲ့ ဗမာတွေတော်တယ်၊ တတ်တယ်ဆိုတာ မကောင်းတဲ့ဘက်မှာထူးချွန်တာပဲဖြစ်မယ်လို့ ဆရာတော်က မှတ်ချက်ချသွားခဲ့ပါတယ်။ 
      သင်တန်းပြီးဆုံးပြီးနောက်နေ့ ( 17.5.2011) မှာ မလေးရှားနိုင်ငံဝန်ကြီးချုပ်ရဲ့သတင်းစာမှာပါလာခဲ့ပါတယ်။ ၀န်ကြီးချုပ်ရဲ့မိန့်ခွန်းတွင် ကိုယ့်ဘာသာအချင်းချင်းနှင့် တစ်ဘာသာနှင့်တစ်ဘာသာထိခိုက်နစ်နာအောင် မလုပ်ကြရန် သတိပေးတဲ့ မိန့်ခွန်းပဲဖြစ်ပါတယ်။ 
      ဘာသာအားလုံးကအလေးအမြတ်ထားတဲ့ တန်ဖိုးကြီးတဲ့ အချက်အချာအကြောင်းအရာများကို အစဉ်သတိ ရပါ။ မလေးရှားနိုင်ငံဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်မှာ မလေးရှားနိုင်ငံသားအားလုံးဟာ အငြင်းပွာစရာကိစ္စရပ် များ၊ အထင်အမြင်လွဲများမှုများကိုအောင်နိုင်မှုရယူရန် မိမိတို့အားလုံးဟာ ဘာသာပေါင်းစုံမှ အလေးအမြတ်ထားရှိကြ သည့် တရားဓမ္မအကြောင်းအရာများကို တဖက်သတ်အယူဝါတဖက်သတ်အမြင်ဖြင့် ဆုံးဖြတ်ခြင်းမပြုလုပ်ကြဘဲ အလယ်အလတ်လမ်းကျကျ (ကြားကျကျ) စဉ်းစားဆင်ခြင်ဆုံးဖြတ်ကြရမှာဖြစ်တယ်။ ဘာသာဓမ္မအားလုံးဟာ လူတိုင်း အပေါ်သနားညှာတာခြင်း၊ အပြန်အလှန်အရိုအသေအလေးအမြတ်ထားခြင်း၊ မေတ္တတရားထားရှိခြင်းတို့ဖြင့် ဘာသာ၊ အသားအရောင်၊ အဆင့်အတန်းခွဲခြားခြင်းမရှိဘဲ သွားလာနေထိုင်တတ်ကြရန် သင်ကြားပေးထားခြင်းဖြစ်တယ် ဆိုတာကိုအစဉ်သတိရကြပါ။ 
      အခါအားလျော်စွာ အပြင်းပွားမှုများ၊ နားလည်မှုလွဲမှားမှုများဟာ ကျွန်တော်ရဲ့ထားခြားငြိမ်းချမ်းစွာတည်ရှိနေ တဲ့ လူနေမှုစနစ်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားအောင် ဖြစ်စေခဲ့သော်လည်း အဆိုပါပြသနာအရပ်ရပ်ကို ကျွန်တော်တို့အားလုံးဟာ မိမိတို့ကိုမိမိဘာသာအားလုံးရဲ့ တန်ဘိုးထားတဲ့၊ အထူးမွန်မြတ်တဲ့၊ အထူးသိမ်မွေ့တဲ့နည်း လမ်းများကိုကျင့်သုံးခြင်းဖြင့် အောင်မြင်မှုကို ရယူနိုင်မှာဖြစ်ပါတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်ဆိုပြီး ၀န်ကြီးချုပ်က ပြောကြားသွားပါတယ်။ 
      No .1 စိတ်ဓါတ်မြင့်တင်ရေးသင်တန်းကို ပျက်စီးအောင် စီမံဆောင်ရွက်ကြသူများဟာ မလေးရှားနိုင်ငံရှိ ဆရာတော်များကိုပင်အသုံးပြုကာကန့်ကွက်ဆန္ဒပြရန်၊ ဘာသာရေးကိုခုတုံးလုပ်ပြီး ဘာသာရေးအစွန်းရောက်များနှင့် နိုင်ငံရေးစွန်းရောက်လှုပ်ရှားသူများကို MCA ဥက္ကဋ္ဌ Dr. Chua Soi Lek မှ (17.5.2011) နေ့ထုတ်သတင်းစာမှာပင် ဘာသာရေးခုတုံးလုပ်သူများကို ယခုလိုသတိပေးမိန့်ခွန်းပြောကြားခဲ့ပါတယ်။ 
      MCA ဥက္ကဋ္ဌ၏ပြောကြားသောမိန့်ခွန်းစကားတွင် ဘာသာရေးအစွန်းရောက်များကိုဆန့်ကျင်ကြ။ နိုင်ငံရေးမှာ ပျော့ပြောင်းတဲ့နိုင်ငံရေးနည်းလမ်းများကိုကျင့်သုံးခြင်းဟာ အစဉ်အမြဲညီညွတ်မှုကိုတည်ဆောက်နိုင်ပါတယ်။ နိုင်ငံရေး ပြဿနာများကိုအမြတ်ထုတ်ရန်အတွက် အခြေအမြစ်မရှိသည့်အကြောင်းအရာများကို ဖော်ထုတ်ခြင်းဖြင့် နိုင်ငံတော် ဟာမင်းမဲ့ဝါဒစနစ်လူတွေရဲ့လက်ထဲကိုအမှန်ဘဲကျရောက်သွားမှာဖြစ်ပါတယ်။ 
      MCA ဥက္ကဋ္ဌ မှဆက်လက်ပြောကြားသည်မှာ ဘာသာရေးအစွန်းရောက်များအတွက် နိုင်ငံတော်တည်ငြိမ်မှုမှာ သူတို့အတွက်နေရာမရှိဘူး။ ကျွန်တော်တို့အားလုံးဟာ သိမ်မွေ့စွာကျင့်သုံးတဲ့နိုင်ငံရေးကို အမြဲလက်ကိုင်ထားပြီး ဤအချက်ကို အမြဲတမ်းအာရုံစိုက်ပြီး တစ်စိုက်မတ်မတ်လုပ်ဆောင်နေကြရမယ်။ ကျွန်တော်တို့နိုင်ငံအတွင်းမှာ ရောက်ရှိလာတဲ့ နေထိုင်ကြတဲ့ ကျွန်တော်တို့အားလုံးဟာ မိမိတို့ကိုမိမိလူမျိုးရေးနှင့် ဘာသာရေးပြသနာများကို ဖန်တီး သည့်နိုင်ငံရေးစရိုက်လက္ခဏာများအတွင်း မကျရောက်အောင်သတိကြီးစွာနဲ့ရှောင်ကြဉ်ကြရမှာဖြစ်တယ်။ လူမျိုးရေး၊ ဘာသာရေးနှင့် နိုင်ငံရေးရာအရပ်ရပ်ကို ပူးတွဲကျင့်သုံးလျှင် ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေ့ရဲ့ ညီညွတ်ရေးကို ပျက်ပြားစေရန်သေချာတဲ့အချက်ဖြစ်တယ်။ 
      ဒါကြောင့်ကျွန်တော်တို့မလေးရှားလူမျိုးတွေကို အစွန်းရောက်တဲ့ဒီလမ်းစဉ်ကိုလက်ခံကျင့်သုံးခြင်းမပြုသင့်ပါ။ ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ နောက်နောင်ဘယ်သောအခါမှ အစွန်းရောက်အလုပ်များကိုလက်မခံကြဘဲ ဖယ်ရှားပစ်ရမှာဖြစ်တယ်။ ကျွန်တော်တို့မလေးရှားနိုင်ငံသားအားလုံးဟာ နိုင်ငံသူနိုင်ငံသားအချင်းချင်း တစ်ဦးနှင့်အပြန်အလှန်လက်တွဲဆုပ်ကိုင်ကြ၍ ညီညွတ်မှုနှင့်ငြိမ်းချမ်းမှုကို ပျက်ဆီးအောင်ဖျက်စီးမှုများကို ရပ်တန့်အောင်လုပ် ဆောင်ကြရမှာဖြစ်တယ်။ 
      မလေးရှားလူမျိုးများသည် မိမိတို့၏ဘ၀နေထိုင်ရေးကို မိမိတို့၏ဘာသာရေးကျင့်သုံးမှုကြောင့် မည်သည့် ကန့်သတ်ချက်မှမရှိတဲ့ ဘ၀မျိုးဖြင့်နေထိုင်ရတာကို နှစ်သိမ့်ပျော်ရွင်မှုရှိကြစေလိုပါတယ်။ "MCA" ဥက္ကဋ္ဌမှ ဆက်လက်ပြောကြားသည်မှာ တခါတရံလွဲမှားစွာ၊စိတ်အားထက်သန်စွာဖြင့် ၀န်ထမ်းတစ်စုံတစ်ယောက်၏လုပ်ဆောင် ချက်အမှားကြောင့် လာဘ်ပေးလာဘ်ယူမှုကြောင့် နိုင်ငံတော်ကနေတာဝန်ယူပြီးတော့ ဖြေရှင်းရတဲ့အဖြစ်မျိုးကို ရောက်ရှိ သွားခဲ့ပါတယ်။ ထိုကဲ့သို့အပြစ်လုပ်ဆောင်သည့်သူများကို မကောင်းကြံစည်သူအဖျက်သမားများဟူ၍ ယူဆကြပြီး ၄င်းတို့သည် နိုင်ငံတော်မတည်ြုငိမ်မှု၊ လှုပ်ရှားဆူပူမှု မလိုမုန်းထားမှုများ မလေးရှားလူမျိုးများအတွင်းတွင် ဖြစ်စေသူများဟုယူဆကြရမည်။ ၄င်းတို့သည်နိုင်ငံတော်အတွင်း ကြီးကြပ်ကွပ်ကဲသည့် အဓိကအခန်းကဏ္ဍ များ၌ ရယူသင့်သူများမဖြစ်ထိုက်ပါ။ ထပ်ဆင့်၍ပြောကြားသည်မှာ မည်သည့်လူမျိုးတစ်မျိုးသို့မဟုတ် ဘာသာတစ်ခုမှ အခြားဘာသာများထက် နိမ့်ကျသည်ဟု မယူဆရပါ။ သို့မဟုတ်လူမျိုးတစ်မျိုးသည် အခြားလူမျိုးတစ်မျိုးထက် ကြီးကဲမြင့်မြတ်သည်ဟု မယုံကြည်ပါ။ ကျွန်ုပ်တို့အားလုံးဟာ သည်းခံခြင်းနှင့်အတူတကွ ငြိမ်းချမ်းစွာနေထိုင်ခြင်းတည်း ဟူသော အထူးကောင်းမွန်သည့်နည်းလမ်းများကို လေ့လာကျင့်သုံးကြရမည်ဖြစ်ပါသည်။ 
      ကျွန်တော်တို့နိုင်ငံအတွင်းရှိ ဘာသာဝင်အသီးသီးသည် အတူတကွနေထိုင်ခြင်း၊ အတူတကွလိုက်လျောညီ ထွေစွာနေထိုင်ခြင်းဖြင့်၊ စားပွဲဝိုင်းတစ်ခုမှာအတူထိုင်၍ မြိန်ရှက်စွာစားသောက်နိုင်ခြင်းသည် No.1 မလေးရှား၏ ခိုင်မာခြင်းရဲ့ရောင်ပြန်ဟပ်မှုပင်ဖြစ်သည်။ 
      MCA ဥက္ကမှ ပြန်လည်ပြောဆိုသည်မှာ ထူးခြားသည့်အထက်ပါအင်အားနှင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်စွာ သိရှိမှုသည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာတက်နေခြင်းဖြစ်သည်ကို ကျွန်တော်တို့အားလုံးအစဉ်ထိန်းသိမ်းကြရမည် ဖြစ်သည်။ 
      ကဆုန်လပြည့်နေ့ထူးနေ့မြတ်ကြီးတွင် ကျွန်ုပ်တို့အားလုံးသည် ငြိမ်းချမ်းစွာတည်ရှိမှုကို ထပ်ဆင့်အမှီပြုကြ ရမည်။ ကျွန်ုပ်တို့အားလုံးသည် မည်သို့မည်ပုံဘုရားဝတ်ပြုကြသည်ကို ပဓါနမထားဘဲ ကျွန်ုပ်တို့အားလုံးသည် ငြိမ်းချမ်းစွာနှင့်စနစ်တကျ ငြိမ်ဝပ်ပိပြားစွာရှိကြသည်ကို တစ်ခုတည်းသောပန်းတိုင်အဖြစ် မှတ်ယူကြစေလိုပါသည်ဟု MCA ဥက္ကဋ္ဌမှ ပြောကြားခဲ့ပါသည်။ 
      ကိုယ့်လူမျိုးကိုယ့်ဘာသာလုပ်တာကို ကိုယ့်လူမျိုးကိုယ့်ဘာသာကထိုင်ပြီးဆဲနေတာဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာ ကိုကျဆင်းအောင်လုပ်နေတာပဲဖြစ်တယ်။ ကိုယ့်ရဲ့လုပ်ရပ်ဟာဘယ်လောက်ထိ နိုင်ငံနှင့်လူမျိုးကိုထိခိုက်စေသလည်း ဆိုတာကို အစွန်းရောက်သမားများစဉ်းစားကြရမယ်။.
      အထက်ပါ- MCA ဥက္ကဋ္ဌ၏ မိန့်ခွန်းများကိုကြည့်ခြင်းအားဖြင့် မလေးရှားနိုင်ငံမှာဆက်လက်နေထိုင်ကြမည့် အဖျက်သမားများရှေ့လျှောက်သတိကြီးစွာထားပြီး နေထိုင်ကြရမည်ဆိုတာကိုသိစေချင်ပါတယ်။ (၁) ကိုယ်ကဘာလဲ ဆို တာစဉ်းစားပါ။ (၂) ကိုယ်ဘယ်နေရာရောက်နေသလဲစဉ်းစားပါ။ (၃) ကိုယ်ဘာလုပ်ရမလဲဆိုတာ ကိုစဉ်းစားပါ။ (၄) ကိုယ်ဘယ်လိုနေထိုင်ရမလဲဆိုတာကိုစဉ်းစားပါ။ 
      နေရာတကာမှာ ကိုယ့်ကိုကိုယ်နိုင်ငံရေးသမားဆိုပြီးအပျက်စိတ်ကိုဦးဆောင်တဲ့အကျင့်ပျက်စရိုက်မျိုးကိုရှောင် ကြဉ်ကြရမည်။ အစိုးရမကောင်းကြောင်းပြောတာနိုင်ငံရေးလား? လူပေါင်းများစွာဒုက္ခရောက်အောင်လုပ်နေတာ နိုင်ငံရေးလား? "ဒို့အရေး"ဆိုပြီး ဆူပူအုံကြွဆန္ဒပြအောင်လှုံ့ဆော်နေတာနိုင်ငံရေးလား? အလုံးစုံပျက်စီးရေးကို ရှေးရှုနေတာ နိုင်ငံရေးလား? ဆိုတာ ကိုယ့်ဟာကိုပြန်စဉ်းစားပါ။ မင်းရဲ့စိတ်ကကောင်းရင် ကောင်းတဲ့နေရာကိုပို့ပေးမှာ ဖြစ်သလို အပျက်ဘက်ကိုဦးတည်ပြီး အပျက်စိတ်ကိုရှေးရှုနေမည်ဆိုရင်တော့ ကိုယ့်ရဲ့စိတ်ကဘဲကိုယ့်ကိုပြန်လည်ပြီး ပျက်စီးအောင် ဖျက်ဆီးသွားပါလိမ့်မည်။ ပြုသမျှအလုပ်သည် အပြစ်သင့်မယ်ဆိုရင် မလုပ်ပါနဲ့။ ပြောသမျှစကားသည် ပြောတိုင်းတန်ဖိုးကျမယ်ဆိုလျှင် မပြောပါနဲ့။ 
      ယခုဆရာတော်ရဲ့ပွဲမှာ အပျက်စိတ်ဖြင့် ပျက်စီးအောင် ၀ိုင်းဝန်းဖျက်ဆီးသူများဟာ သူတို့ရဲ့အပျက်စိတ်ကပဲ သူတို့ကိုပျက်စီးသွားစေခဲ့ပါတယ်။ နောက်ဆုံးအကျဉ်းချုပ်လိုက်တော့ ဆရာတော်သည် သူရဲ့သီလ၊ သမာဓိ၊ ပညာ၊ မေတ္တာအားဖြင့် No.1စိတ်ဓါတ်မြင့်တင်ရေးသင်တန်းပွဲကြီးဟာ အောင်မြင်စွာအေးချမ်းစွာဖြင့် မင်းပေါက်စိုးပေါက်သ မိုင်းတွင်တဲ့သင်တန်းပွဲကြီးတစ်ခု ဖြစ်သွားခဲ့ပါတယ်။ CIA အရာရှိပြောသွားခဲ့တဲ့စကားအတိုင်းနောက်နောင်ဆိုရင် မလေးရှားဘာသာစကားဖြင့် ဘာသာပြန်ပြီး သင်တန်းပို့ချလို့ရအောင် စိတ်ကူးသစ်အကြံဥာဏ်သစ်များထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။ 
      ဆရာတော်ရဲ့စိတ်ထားများနှင့် သင်တန်းဖွင့်လှစ်သည့်ရည်ရွယ်ချက်များဓါတ်ပုံမှတ်တမ်းများကို ကြည့်ရှုမည် ဆိုပါလျှင် WWW.No-1 Sociology.com ကိုဖွင့်ပြီး ကြည့်ရှုနိုင်ပါတယ်။ နောက်နောင်မှာ အပြစ်မှားသင့်သူကို ပစ်မှားမိလျှင် ကံကြီးထိုက်တတ်ပါသည်ဟု သတိပေးပြောကြားခြင်းဖြင့် ဤစာချွန်လွှာကို ဒီနေရာမှာပင် အဆုံးသတ် လိုက်ရပါတော့တယ်။
No comments:
Post a Comment