Tuesday, September 29, 2015

အုပ်ချုပ်သူ လူညံ့ကို ရွေးမိတဲ့အခါ  When We Chose Unwise Leader

စာရေးဆရာ မောင်လွင်မွန် (ကသာ) ပြောပြသည်
သမိုင်းကိုစိတ်ဝင်စားတဲ့ မြန်မာတစ်ယောက်အနေနဲ့ ပုဂံခေတ်နှောင်းပိုင်းက သင်ခန်းစာယူစရာ ဖြစ်ရပ်တချို့ကို ပြန်ပြောပြချင်ပါတယ်။ အဲဒီဖြစ်ရပ်ရဲ့ အဓိကဇာတ် ကောင်ကတော့ အမတ်ကြီး ရာဇ သင်္ကြန်ဖြစ်ပြီး သမိုင်းမှာ နှလုံးရည်ရော လက်ရုံးရည်ပါထက်မြက်သူ အဖြစ်မှတ်တမ်းတင်ကျန်ရစ်ပါတယ်။ အမတ်ကြီးဟာ ဥဇနာမင်း လက် ထက်မှာထင်ရှားကျော်ကြားသူဖြစ် လာပြီးဥဇနာမင်းရဲ့သားကြီး သီဟသူ (တချို့သမိုင်းစာအုပ်များက သင်္ဂသူလို့ ဖော်ပြပါတယ်)က သူလာတာမြင်ရက်နဲ့ အင်္ကျီလက်မသိမ်းရကောင်းလားဆိုပြီး အမတ်ကြီးရဲ့ အင်္ကျီပေါ် ကွမ်းတံတွေးထွေး ချတာခံရပါသတဲ့။ အမတ်ကြီးက ဒီအင်္ကျီကိုသိမ်းထားပြီး နောင်ဥဇနာ မင်းနတ်ရွာစံတဲ့အခါ လွှတ် တော်အမတ်များကို ဒီအင်္ကျီသက်သေနဲ့အတူ သီဟသူရဲ့ ရိုင်းပျစော်ကားမှုကို ပြန်ပြောပြပြီး သူ့အစား သားတော်အငယ်ကို ထီးနန်းတင် ဖို့အဆို ပြုခဲ့ပြီး သဘောတူနန်းတင်ခဲ့ကြပါ တယ်။
      ပုဂံခေတ်မှာ နရပတိစည်သူမင်းကြီး လက်ထက်ကစပြီး လွှတ်တော်ဝန်ကြီးလေးဦးနဲ့ ဘုရင်တို့ ပူးတွဲပြီး နိုင်ငံကို အုပ်ချုပ်ခဲ့တာမို့ ဒီဘုရင်ကို လွှတ်တော်ကရွေးချယ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အမတ်ကြီးရာဇသင်္ကြန်နန်းတင်ခဲ့တဲ့ သား တော်အငယ်ဆိုသူဟာ မင်းေ ခွးချေး လို့လူသိများပြီး မင်းမျိုးလည်း မဟုတ်ပါဘူး။ ပန်းပွတ်သည်ရဲ့ သမီးကို မိဖုရားမြှောက်ခဲ့ရာက မွေးဖွားသူဖြစ်ပြီး မင်းခွေးချေးဆိုတဲ့ နာမည်ပြောင်မျိုးနဲ့ လူသိများတယ်ဆိုကတည်းက လူအများလေးစားခန့် ညားရသူ မဟုတ်တာ သေချာပါတယ်။ ဒီလိုလူမို့ အမတ်ကြီးက သီဟသူထက်စာရင် သူကိုင်တွယ် နိုင်မယ့်သူအဖြစ်သဘောထားနန်းတင်ခဲ့ပုံပါပဲ။
      သူဟာဘုရင်ဖြစ်လာတဲ့နောက် မင်းခွေးချေးဆိုတဲ့နာမည်ကိုဖျောက်ပြီး နရသီဟပတေ့ (ခြင်္သေ့ကဲ့သို့ ရဲရင့်တဲ့သူ) ဆိုတဲ့နာမည်နဲ့ နန်း တက်ပါတယ်။ နရသီဟပတေ့ ဘုရင်ဟာ နန်းသက် ၃၃ နှစ်ကြာ အောင် အုပ်ချုပ်သွားခဲ့ပါတယ်။ ဒီ ဘုရင်ဟာ သမိုင်းမှာ အပျော်ကျူး သူ၊ ဆုံးဖြတ်ချက်လွဲသူ၊ တစ်နေ့ ဟင်းခွက် ၃ဝဝစားပြီးရသ၊ တဏှာ တပ်မက်သူအဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။နိုင်ငံအုပ်ချုပ်ရေးကို ဆို ထားနဲ့သူ့မိသားစုအတွင်းမှာတောင် မျှတအောင် ဆောင်ရွက်တတ်သူ မဟုတ်ပါဘူး။ မိဖုရားတွေအတွင်း စားတော်ခွဲပေးရာမှာ သူချစ်တဲ့သားကြီး ဥဇနာနဲ့ သားလတ်ကျော်စွာတို့ကို ဝက်လက်ပေးပြီး သားငယ် သီဟသူကိုတော့ ဝက်ပေါင်ပေးပါတယ်။ ဒါကြောင့် သီဟသူရဲ့မယ်တော် မိဖုရားရှင်မောက်က စား တော်ကဲနဲ့ပေါင်းပြီး သားအတွက် ဝက်လက်ခိုးပေးပါတယ်။ နောင် ဘုရင်သိသွားတဲ့အခါ ရှင်မောက်ကို ဝက်လက်ခိုးမ၊ သီဟသူကို ဝက်လက်ခိုးမသားလို့ ကျီစယ်နောက်ပြောင်တဲ့ အတွက် နောင်မှာ သီဟ သူရဲ့လက်ချက်နဲ့ပဲ လုပ်ကြံခံရပြီး ဇာတ်သိမ်းခဲ့ရပါတယ်။
      ဒီမင်းဟာ သူချစ်တဲ့ မိဘုရား စောလုံကိုလည်း အရှက်ခွဲပြီး ကျီ စယ်ရာက မိဘုရားရဲ့ အဆိပ်ခတ် တာကိုခံရပြီး ဒီအမှုပေါ်သွားတဲ့အခါ ရက်ရက်စက်စက် မီးရှို့သတ် ခဲ့ကာနောင်မှနောင်တရပြီး မိဘုရား ကိုတနေတယ်လို့ အဆိုရှိပါတယ်။ သူ့ကို နန်းတင်ခဲ့တဲ့ အမတ်ကြီး ရာဇသင်္ကြန်ကိုလည်း သတိတရ မြှောက်စားခြင်း မပြုပါဘူး။ ဒါ ကြောင့် အမတ်ကြီးက မခံနိုင်ဖြစ်ပြီး ပန်းကလပ်ပဲ့နဲ့ညီလာခံကို ဝင်တော့ ဘုရင်ကမြင်ပြီး မေးတဲ့ အခါမှာ”ပန်းပွတ်သည်ရဲ့ မြေးကောင်းစားလို့ ပန်းပွတ်မယ့်သူ မရှိလို့ပါ”လို့လျှောက်ထားတဲ့အတွက် ဘုရင် ကဒေါသထွက်ပြီးအမတ်ကြီးကို ရာထူးကဖြုတ်ပြီး ဒလကိုပို့ လိုက်ပါတယ်။ အမတ်ကြီးမရှိတော့ ဘူးကြားတော့ မုတ္တမစား၊ မစ္စဂီရိ စားတို့က ပုန်ကန်တော့မှ အမတ်ကြီးကို ပြန်ခေါ်ပြီး နှိမ်နင်းခိုင်းရပါ တယ်။တိုက်ပွဲတွေအပြီးမှာ အမတ် ကြီးဟာပင်ပန်းပြီး ကွယ်လွန်သွားရ ရှာကြောင်း တွေ့ရပါတယ်။ နရသီဟပတေ့ကတော့ ညံ့ဖျင်းတဲ့မင်းပီပီ အမှားတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။ အဲဒီကာလက အင်အားကြီးပြီး နယ်ချဲ့နေတဲ့ မွန်ဂိုဘုရင် ကူဗလိုင်ခန် လွှတ်လိုက်တဲ့ သံတမန်တွေကို သူ့ရှေ့မှာ မလေးမစားလုပ်တယ်ဆိုပြီး သတ်ဖြတ်တဲ့အတွက် စစ်ဖြစ်ပါတယ်။ တရုတ်တွေနဲ့ဖြစ်တဲ့ ဒီစစ်မှာ အမတ်ကြီး ရာဇသင်္ကြန်ရဲ့သား စစ်သူကြီး အနန္တပစ္စည်းကျ ဆုံးခဲ့ရပါတယ်။ဘုရင်လည်း တရုတ်ရဲ့ဘေးကနေထွက်ပြေးလို့ ‘တရုတ်ပြေးမင်း’လို့ သမိုင်းတွင်ပါတယ်။ နောက်တော့ ပြည်မြို့မှာ သားတော်သီဟသူရဲ့လက်ချက်နဲ့ နတ်ရွာစံရပါတယ်။ ပုဂံမြို့ကိုတော့ ဒလစား ကျော်စွာဟာ တရုတ်သြဇာခံအဖြစ် ဆက်အုပ်ချုပ်ပေမယ့် နရသီဟပတေ့မြှောက်စားခဲ့ရာ ရှမ်းညီနောင်က အင်အားကောင်းလာ ခဲ့ပါတယ်။ နောက်မှာ မင်းဆက်နှစ်ဆက်လောက် ပုဂံဟာ ဆက်တည်နေသေး ပေမယ့်မစည်ပင်တော့ဘဲ တရုတ်နဲ့ စစ်ပွဲအပြီးမှာပဲ ပထမမြန်မာနိုင်ငံ တော်ဟာ ပျက်သုဉ်းသွား ခဲ့ရတာ ဖြစ်ပါတယ်။
      ရာဇသင်္ကြန်အမတ်ကြီးဟာ ရာထူးကနုတ်ပယ်ပြီး ဒလကိုအပို့ခံရစဉ် လမ်းခရီးမှာ လေပြင်းဒဏ်ကြောင့် သစ်ပင်ကြီးတွေ ကျိုးပဲ့တာကို မြင်ရတော့ ‘ ငါဟာ ပန်းပြား ပင်လိုမလိမ္မာ၊ သစ်ပင်ကြီးတွေလို ကျင့်မိလို့ ဤသို့ပျက်စီးရတယ်’ သံဝေဂစကားဆိုတယ်လို့ အဆိုရှိပါတယ်။ ဆိုလိုတာကတော့ လေပြင်းတိုက်တဲ့အခါ ပန်းပြားပင်က တော့ လေနဲ့အလိုက်သင့် နွဲ့ယိမ်း နေတဲ့အတွက် မကျိုးမပဲ့ဘဲ သစ်ပင်ကြီးတွေက လေကိုကြံ့ကြံ့ခံ ဆန့်ကျင်ရင်ဆိုင်တဲ့အတွက် ကျိုးပဲ့ သလိုသူလည်း ဘုရင်နဲ့အလိုက် သင့်မနေ၊ ကန့်လန့်ခံတိုက်ခဲ့မိလို့ ရာထူးဖြုတ် အပြစ်ပေးခံရတာပဲလို့ ဆိုလိုတာပါ။ ဒီဥပမာသံဝေဂဟာ သမိုင်းမှာ အတော်ထင်ရှားပြီး လူသိလည်းများပါတယ်။ ဒါပေမဲ့ ဒါဟာ တကယ့်ဓမ္မစစ် သဘော တရားအမှန် ဟုတ်ရဲ့လားဆိုတာ တော့ စိစစ်ဖို့လိုပါလိမ့်မယ်။
      တကယ်တော့ ပညာရှိစကား ဆိုပေမယ့်လည်း အကြွင်းမဲ့ အမှန်မဟုတ်ဘဲ ကာလအခြေအနေတစ်ရပ်အတွက်ပဲ မှန်တာလည်း ရှိတတ် ပါတယ်။ အခု ပန်းပြားပင် ဥပမာစကားဟာ ရာဇသင်္ကြန် အမတ်ကြီး အဲဒီကာလက ကြုံတွေ့ နေရတဲ့အခြေအနေအတွက်တော့ မှန်ကန်ပါတယ်။ ဒါပေမဲ့ အကြွင်းမဲ့လက်ခံရမယ့် ဓမ္မအစစ်အမှန်တော့ မဟုတ်ပါ ဘူး။ ဘာကြောင့်လဲဆို တော့လောကမှာတကယ်သာ ပန်းပြားပင်တွေလို အလိုက်သင့်ယိမ်းတဲ့အပင်တွေ ချည်းသာရှင်သန်ကျန်ရစ်ရပြီး လေပြင်းကို ရင်ဆိုင်တဲ့ အပင်ကြီးမှန်သမျှ ကျိုးကျရမယ်ဆို ရင်အားလုံး ဒုက္ခရောက်ဖို့ပဲ ရှိပါတယ်။ အမှန်တော့ လေပြင်း ကိုကြံ့ကြံ့ခံတဲ့အပင်မှန်သမျှ ကျိုး ကျပျက်စီးရတာပဲဆိုရင် မမှန်နိုင် သလို၊ အလိုက်သင့်ယိမ်းတဲ့ ပန်း ပြားပင်တွေပဲ ကျန်မယ်ဆိုတာ လည်း အမှန်တရားမဟုတ်ပါဘူး။ တကယ်တမ်း ကျတော့ လေ တကယ်ပြင်းလို့ သစ်ပင်နားခိုကပ်ပြီး နေရမယ်ဆိုရင် ဘယ်သူမှပန်းပြားပင် ကိုအားမကိုးပါဘူး။ လေကို ကြံ့ကြံ့ ခံတဲ့အပင်ကြီးတွေ ကို သာ ရွေး ခိုကပ်ကြရမှာပါ။
      ဒီလိုပဲလေကိုကြံ့ကြံ့ခံတဲ့ အိမ်မျိုးဆောက်မယ်ဆိုရင် ပန်းပြားပင်နဲ့ ဆောက်လို့မရပါဘူး။ လေကိုကြံ့ကြံ့ခံတဲ့ အပင်က သစ်နဲ့မှ ဆောက်လို့ရမှာပါ။ပညာရှိဆိုတာ အမှန်တရားအတွက် ကြံ့ကြံ့ခံရင်ဆိုင်တဲ့အခါ အဓမ္မလေပြင်းမျိုးနဲ့ တွေ့ရင် အများအတွက် ကြံ့ကြံ့ခံရင် ဆိုင်ရပါလိမ့်မယ်။ ပန်းပြားပင် လို ယိမ်းနေရင်ရှင်သန်ကျန် ရစ်နိုင်ပေမယ့် အများအတွက် ခိုကိုးရာ မဖြစ်တဲ့သူမျိုးအဖြစ် သမိုင်းဆိုး ကျန် ရစ်ပါလိမ့်မယ်။ ကုန်းဘောင်ခေတ်က ယောမင်းကြီး ဦးဘိုးလှိုင်ဟာ မင်းတုန်းမင်းကို သမီးဆက်ပြီး အခွင့်အရေးယူ သူတွေအကြောင်း ရဲရဲကြီးလျှောက်ထားခဲ့လို့ ဘုရင်ဒေါသထွက်သွားပါသတဲ့။ သူ့ခမည်း တော်လက်ထက်က ဦးဘိုးလှိုင်ရဲ့ ဖခင်ကိုထိုးသတ်ခဲ့တဲ့လှံကို နောက် ကြောင်းပြန်မေးခွန်းထုတ်ပြီးမောင် မင်းကော ဒီလှံနဲ့ အစီရင်ခံချင် သလားလို့မေး တော့ ဦးဘိုးလှိုင်က ထိုးတော့မူပါဘုရားဟု ရင်ကော့ပေးခဲ့ပါသတဲ့။ ဦးဘိုးလှိုင်ကတော့ ပန်းပြားပင်မဟုတ်တဲ့ အများအား ကိုးရာအပင်ကြီးအဖြစ် သမိုင်း ကောင်းကျန်ခဲ့ပါတယ်။
      ရာဇသင်္ကြန် အမတ်ကြီးအကြောင်းတွေးမိတဲ့အခါ သင်ခန်းစာကြီးနှစ်ရပ်ကိုရပါတယ်။ တစ်ခုကတော့ကိုယ်ကိုင် တွယ်လို့ရမယ် ထင်လို့ အုပ်ချုပ်သူလူညံ့ကို ရွေးမိတဲ့အခါဒီလူညံ့ကဘုရင်ဖြစ်သွား တော့ ညံ့လည်းညံ့၊ ဥာဏ်လည်း မရှိ၊ အကြင်နာလည်းမရှိဆိုတော့ အမှား များစွာ လုပ်ပါတော့တယ်။ အမတ်ကြီးအပါအဝင် လွှတ်တော် အမတ်များ အရွေးမှားခဲ့တဲ့ဘုရင် ဟာမိဖုရားကိုလည်းသတ်၊ သံတမန်ကိုတောင် သတ်၊ ကာမဂုဏ်လည်း ကျူး၊ အစားလည်းမက်၊ ဥာဏ်လည်းမရှိ၊ လက်ရုံးရည်လည်း မပြည့်ဝမို့ နောက်ဆုံးအ မတ်ကြီး ကိုယ်တိုင် မတရားအပြစ်ပေး ခံရတယ်။ အမတ်ကြီးမရှိတဲ့နောက် နယ်ချဲ့ကျူးကျော်မှုခံရပြီး အမတ် ကြီးရဲ့သားကိုယ်တိုင် ကျဆုံးရတယ်။ နောက်ဆုံး ပုဂံပြည်ကြီးပါ ပျက်သုဉ်းသွားရတဲ့အထိပါပဲ။ ညံ့သူကို ခေါင်းပေါ်တင်မိပြီး ပြန်ချလို့မရ သူများရဲ့အဖြစ် ဆိုးတွေထဲက သမိုင်းသင်ခန်းစာတွေပါ။
      နောက် သင်ခန်းစာတစ်ခုကတော့ ပန်းပြားပင်လို ကျင့်ရမယ်ဆိုတာ ပညာရှိအမတ်ကြီးက စိတ်ခံစားမှုအရ ပြောခဲ့တဲ့စကားဖြစ်ပြီး လိုက်နာသင့်တဲ့အမှန်တရား မဟုတ်ပါဘူး။ ကျွန်တော်တို့တစ်တွေဟာ ကိုယ်တိုင်လည်း ပန်းပြားပင်လို မကျင့်သင့်သလို၊ ဒီလိုကျင့် မယ့်သူမျိုးကိုလည်းနေရာမပေးသင့်ပါဘူး။ ကျွန်တော်တို့ အလုပ်ခွင်မှာ အလုပ်လျှောက်သူများကို လူတွေ့စစ်ဆေးရာမှာ ကိုယ့်ကိုတမင်မြှောက်ပင့်ပြီးအလိုက်အထိုက် လိုက်ပြော နေသူမျိုးကို တန်ဖိုးထားပြီး မရွေးလိုပါဘူး။အဲဒီလို လေယူရာယိမ်းပြီး အလိုက်သင့်နေ တတ်သူများဟာ ကိုယ့် အလုပ်ခွင်ကို ဖျက်ဆီးမယ့်သူတွေ ဖြစ်ပါတယ်။ ကိုယ်မှားရင်တောင် အမုန်းခံပြီး ထောက်ပြမယ့် လူတော် လူကောင်းမျိုး ကိုသာ ဦးစားပေးရွေးရမှာပါ။
      ဒီတော့ ကိုယ်ကအုပ်ချုပ်ရမယ့်ဝန်ထမ်းလိုလူကိုဖြစ်ဖြစ်၊ ကိုယ့်ကိုအုပ်ချုပ်မယ့်ရှင်ဘုရင်လို လူမျိုးကိုဖြစ်ဖြစ် ကိုယ်အားကိုးလောက်တဲ့ အပင်ကြီးထဲက အကောင်းဆုံးကိုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။ ပန်းပြားပင်လိုမူမရှိဘဲ အလိုက်သင့်ယိမ်းပြီး နေထိုင်သူမျိုးကို ကိုယ့်လက်အောက်ခံအဖြစ်တောင် မရယူသင့်ဘဲ အထက်ကထားဖို့ဆို တာတော့ ထည့်တောင်စဉ်းစားစရာ မလိုတာမျိုးပါပဲ။ ဒါကြောင့် ရာဇသင်္ကြန် အမတ်ကြီးခမျာ သောက တွေထွေနေချိန်မှာစိတ်ခံစားမှုနဲ့ ပြောခဲ့တဲ့စကားက သမိုင်းတွင်ခဲ့ပေမယ့် အများအကျိုးရှိစေရာ ဓမ္မအမှန် မဟုတ်တဲ့ အကြောင်း သတိ ထားစေချင်တာကိုပါ ဒုတိယသမိုင်းသင်ခန်းစာအဖြစ် မျှဝေပေးလိုက်ပါတယ်။ 

Writer : အိမ်စည်စိုးစံ

Source : Popular News Journal

No comments:

Post a Comment